သတ်မှတ်ချက်တွေကို ချိုးဖျက်လိုက်ပါ။
မြန်မြန်ဆန်ဆန် ခွင့်လွှတ်ပါ။
စစ်မှန်စွာ ချစ်ပါ။
ရယ်ရယ်မောမော အမြဲနေပါ။
ဘယ်တော့မှ ပြုံးနေတာကို ရပ်မပစ်လိုက်ပါနဲ့။
ဘ၀ဆိုတာ ဘယ်လောက်ပဲ ထူးဆန်းပါစေ ကိုယ်တို့ မျှော်လင့်တဲ့ ပျော်စရာပွဲတစ်ခုတော့ အမြဲမဟုတ်ပါဘူး။
ဒါပေမယ့် ကိုယ်တို့ (အသက်ရှိထင်ရှား) ရှိနေသရွေ့ ပြုံးပြုံးရွှင်ရွှင်နဲ့ ၀မ်းသာနေသင့်ပါတယ်။
ရွှေပြည်သူ (ဘာသာပြန်ပါသည်)
အချက်ပေးသံ
နိုင်ငံတကာ ကုမ္ပဏီကြီးတစ်ခုမှာပေါ့...
ညနေ လေးနာရီ ၀န်ထမ်းအားလုံး (အယောက် ၅၀၀၀ လောက်) ရုံးထဲရှိနေချိန်မှာ မီးဘေးအချက်ပေးသံက ရုတ်တရက် ထမြည်လာပါတယ်။ လေ့ကျင့်ထားတဲ့ ထုံးစံအတိုင်း ရုံးတစ်ရုံးလုံးက လူတွေကို ၃ မိနစ်အတွင်း ဘေးလွတ်ရာကို ရွှေ့ပြောင်းစေလိုက်ပါတယ်။ အားလုံးလည်း သတ်မှတ်ထားတဲ့နေရာမှာ စုဝေးနေပြီး နောက်ထပ်ကြေညာမယ့်အသံကို နားစွင့်နေကြပါတယ်။
အဲဒီအချိန်မှာ တာဝန်ရှိလုံခြုံရေးဝန်ထမ်းက အောက်ပါ ကြေညာချက်ကို ကြေညာလိုက်ပါတယ်...
“ဝန်ထမ်းများ ခင်များ..... စိတ်မကောင်းခြင်းကြီးစွာနဲ့ ကျွန်တော် ကြေညာရမှာကတော့ မိတ်ဆွေတို့တွေထဲက အတော်များများအတွက် ဒီအရေးပေါ်မီးသတ်လေ့ကျင့်ခန်းဟာ နောက်ဆုံးဖြစ်တယ် ဆိုတာပါပဲ။ ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် ကုမ္ပဏီဟာ ဝန်ထမ်း ၅၀% ရာခိုင်နှုန်းကို လျော့ချလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကြေညာချက်ပြီးတာနဲ့ အားလုံးပဲ အဆောင်အအုံထဲကို ပြန်ဝင်ကြည့်ပြီး ကိုယ့်ရဲ့ဝင်ခွင့်ကဒ်ကို စက်က လက်မခံတော့ဘူးဆိုရင် မိတ်ဆွေဟာ ဝန်ထမ်းလျော့ချတဲ့အထဲမှာ ပါဝင်ပြီး အထဲကို ဝင်ခွင့်ပေးတော့မှာ မဟုတ်ပါဘူး။ ကိုယ်ပိုင်ပစ္စည်းတွေကိုလည်း မနက်ဖြန် မိတ်ဆွေဆီကို အရောက်ပို့ပေးမှာ ဖြစ်ပါတယ်။
ဒီနည်းလမ်းသစ်ကို သုံးရတဲ့ အကြောင်းရင်းတွေကတော့ ကုမ္ပဏီရဲ့ Email Account တွေထဲမှာ အလုပ်ကရပ်စဲတဲ့စာတွေ၊ ထောင်နဲ့ချီတဲ့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နှုတ်ဆက်ခွဲခွာတဲ့စာတွေနဲ့ ပြည့်လျှံမသွားစေချင်သလို၊ ရုံးတွင်းမှာလည်း (အထုတ်ခံရသူနဲ့ ကျန်နေသူတို့ရဲ့) ရန်ပွဲတွေ နဲ့ အဲဒီ့ နောက်ဆက်တွဲအနေနဲ့ ထိခိုက်လာနိုင်တဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက်ပဲ ဖြစ်ပါတယ်။
အားလုံးလည်း ကုမ္ပဏီအတွက် အလုပ်လုပ်ခဲ့တဲ့ လုပ်သက်တလျှောက်မှာ စိတ်ကျေနပ်စေမှုရတဲ့ အလုပ်အကိုင် ဖြစ်ခဲ့လိမ့်မယ်လို့ မျှော်လင့်သလို ရှေ့လျှောက်ခရီးအတွက်လည်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
အဆောက်အအုံထဲကို ပြန်ဝင်ပြီး ကိုယ့်ရဲ့ကံကြမ္မာကို စမ်းသပ်နိုင်ကြပါပြီ ခင်ဗျာ...”
ရွှေပြည်သူ (ဘာသာပြန်ပါသည်)
လမ်းပေါ်က တယောသံ
ဝါရှင်တန်ဒီစီရဲ့ မြေအောက်မီးရထားဘူတာ တစ်ခုထဲမှာ လူတစ်ယောက် ထိုင်ပြီး တယောကို စတီးပါတယ်။ အေးမြတဲ့ ဇန်န၀ါရီမနက်ခင်းတစ်ခုမှာပေါ့..
သူဟာ ဘက်စ် (ဂျာမန်ဂီတပညာရှင်) ရဲ့ သံစဉ် ၆ပုဒ်ကို ၄၅ မိနစ်ကြာလောက် တီးနေပါတယ်။ တီးနေတဲ့အချိန်ဟာ အားလုံး အလျင်လိုနေတဲ့ ရုံးတက်ချိန် ဖြစ်တာကြောင့် ထောင်နဲ့ချီတဲ့ ရုံးသွားသူတွေဟာ ဘူတာထဲမှာ သွားလာနေကြတယ်လို့ တွက်ချက်ခန့်မှန်းလို့ ရပါတယ်။
သုံးမိနစ်အကြာမှာ လူလတ်ပိုင်းအရွယ် လူတစ်ယောက်က တယောသမားတစ်ယောက် တီးနေတယ်ဆိုတာ စသတိထားမိပါတယ်။ သူက လမ်းလျှောက်တာကို နှေးလိုက်ပြီး စက္ကန့်အနည်းငယ်ကြာ ရပ်နေရင်းကနေ ချက်ချင်းပဲ သူ့အချိန်ဇယားအတိုင်း နောက်မကျအောင် အလောတကြီး ထွက်သွားပါတယ်။
နောက်တစ်မိနစ်အကြာမှာတော့ တယောဆရာဟာ သူ့ရဲ့ ပထမဆုံး ၁ဒေါ်လာကို ရလိုက်ပါတယ်။ အမျိုးသမီးတစ်ယောက်က ပိုက်ဆံကို ခွက်ထဲကို လှမ်းပစ်ပေးပြီး လမ်းလျှောက်တာကို မရပ်ဘဲ ဆက်လျှောက်သွားတာပါ။
မိနစ်အနည်းငယ် ကြာပြန်တော့ လူတစ်ယောက်က နံရံကိုမှီပြီး သူတီးနေတာကို လာနားထောင်နေပါတယ်။ ဒါပေမယ့် အဲဒီလူလည်း နာရီကိုကြည့်လိုက်ပြီး ထွက်သွားပြန်ပါတယ်။ သူရုံးနောက်ကျနေပါပြီ။
တယောဆရာကို အာရုံအစိုက်ဆုံးက ၃ နှစ်အရွယ် ကလေးတစ်ယောက်ပါ။ သူ့အမေဖြစ်သူက သူ့ကို သာသာလေး တွန်းရင်း အလျင်စလို ခေါ်နေပေမယ့် ကလေးက ရပ်ပြီး ကြည့်နေပါတယ်။ နောက်ဆုံး သူ့အမေက ခပ်ဆတ်ဆတ်လေး တွန်းလိုက်မှ နောက်ကို လှည့်ကြည့်လှည့်ကြည့်နဲ့ ဆက်လျှောက်သွားပါတယ်။ သူ့လိုမျိုး တခြားကလေး တချို့လည်း ပြုမူကြပေမယ့် မိဘတွေကတော့ သူတို့ကို ဆက်လျှောက်ဖို့ တွန်းရင်း ခေါ်သွားကြတာ ချည်းပါပဲ။
တယောဆရာတီးနေတဲ့ ၄၅ မိနစ်အတွင်းမှာ စုစုပေါင်း လူခြောက်ယောက်ကပဲ ခဏရပ်ပြီး နားထောင်ကြပါတယ်။ လူအယောက် ၂၀ လောက်က သူ့ကို ပိုက်ဆံပေးပေမယ့် မရပ်ဘဲ သူတို့ လျှောက်နေတဲ့နှုန်းအတိုင်း ဆက်လျှောက်သွားကြတာပါပဲ။ သူ ၃၂ ဒေါ်လာ လောက်ရလိုက်ပါတယ်။ သူတီးတာကို အဆုံးသတ်လိုက်တဲ့ အချိန်မှာတော့ တိတ်ဆိတ်မှုကသာ ကြီးစိုးသွားပြီး ဘယ်သူကမှ သတိမထားမိပါဘူး။ ဘယ်သူကမှ လက်ခုပ်မတီးသလို အသိအမှတ်တောင် မပြုကြပါဘူး။
လူတွေ မသိလိုက်တဲ့အချက်ကတော့ အဲဒီတယောဆရာဟာ ကမ္ဘာ့အတော်ဆုံး ဂီတပညာရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ Joshua Bell ဖြစ်တယ် ဆိုတာပါပဲ။ သူဟာ ဒေါ်လာ၃.၅သန်းတန် အင်မတန်အနုစိတ်ပညာသားပါတဲ့ တယောသံစဉ်ကို တီးခဲ့သူတစ်ယောက်ပါ။
မြေအောက်ရထားဘူတာမှာ မတီးခင် နှစ်ရက်အလိုတုန်းက ဘော့စတန်က ပြဇာတ်ရုံထဲမှာ လုပ်ခဲ့တဲ့ သူ့ရဲ့ပွဲဟာ လက်မှတ်အကုန်ကုန်ခဲ့ပြီး ခုံတွေရဲ့ ဈေးနှုန်းဟာ ပျမ်းမျှ ဒေါ်လာ ၁၀၀ လောက် ရှိပါတယ်တဲ့။
ဒါတကယ့်အဖြစ်အပျက် တစ်ခုပါ။ လူတွေရဲ့ ရှုမြင်ပုံ၊ အကြိုက် နဲ့ ဦးစားပေးမှုတွေကို လက်တွေ့စမ်းသပ်ကြည့်ဖို့အတွက် ဝါရှင်တန်ပို့စ်က Joshua Bell မြေအောင်မီးရထားဘူတာထဲမှာ ရုပ်ဖျက်ပြီး တယောတီးဖို့ကို စီစဉ်ခဲ့တာပါ။ အနှစ်ချုပ်ပြောချင်တာကတော့ ~ သာမာန်နေရာတစ်ခုမှာ... ပြီးတော့ မသင့်တော်တဲ့ အချိန်မှာ လူတွေဟာ အလှတရားတွေကို သတိပြုမိကြရဲ့လား? အဲဒါကို အသိအမှတ်ပြု ခံစားဖို့ အချိန်ယူ ရပ်တန့်ကြရဲ့လား? မျှော်လင့်မထားတဲ့ အရာတွေဆီက ထူးခြားတဲ့ အရည်အသွေးတွေကိုရော သတိထားမိကြရဲ့လား?
ဒီအတွေ့အကြုံကနေ ကောက်ချက်ချနိုင်တာတွေထဲက တစ်ခုကတော့ ~ ကမ္ဘာ့အတော်ဆုံး ဂီတပညာရှင်တစ်ယောက်က ကမ္ဘာ့အကောင်းဆုံးသံစဉ်တွေကို တီးနေတာကို ရပ်နားထောင်ပြီး ခံစားဖို့ အခိုက်အတန့်လေးတောင် မရှိဘူးဆိုမှတော့... ကိုယ်တို့ ဘာတွေကိုများ ဘယ်လောက် လက်လွတ်ခဲ့ကြပြီလဲ...?
ရွှေပြည်သူ (ဘာသာပြန်ပါသည်)